ရွှေတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးနှိုးဆော်

ရွှေတောင် ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ကြာနီကန်ရပ်ကွက် ယွန်းတန်းရပ်ကွက်နှင့် စံပြရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်(omicron)သည် ယခင်မျိုးကွဲဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် (omicron)အား ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပြန့်နှံ့လျက်ရှိကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းဖြင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြရန်၊ မဖြစ်မနေနေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ အရာဝတ္တုတစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး ဆေးထိုးအုပ်စုများသို့ သွားရောက် ပြီးမဖြစ်မနေ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြရန် ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)