မြဝတီမြို့၌ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြဝတီ   ဇန်နဝါရီ  ၁၄


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြဝတီမြို့ရှိ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/ ၂၀၂၂)ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အမှာစကား ပြောကြားရာ ယခုအခါ မြဝတီမြို့နယ်အတွင်းမှာ အပိုဆောင်း ကာကွယ်ဆေးထိုးခြင်းများ ထပ်မံဆောင်ရွက်တော့မှာ ဖြစ်ကြောင်း၊ အဆိုပါ  လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရန်အတွက် စာရင်းများ မှန်ကန်စွာနဲ့ အချိန်မီ ပေးပို့ပေးစေလိုပါကြောင်း၊ အလားတူ မြဝတီမြို့နယ်အတွင်းက ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများအနေနဲ့လည်း သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်အချိန်ပြီးစီး စေလိုပါကြောင်း၊ မိမိတို့ တည်ဆောက်ရေး ကော်မတီအနေနဲ့လည်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ နေရပ်ပြန်ကြိုဆိုရေးလုပ်ငန်းများ၊ ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းများ၊ အခြားလုပ်ငန်းများနှင့်မိမိတို့ သက်ဆိုင်ရာ ဌာနလုပ်ငန်းများလည်း အောင်မြင်အောင် အားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးစိုးတင့်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ထိန်လင်းအောင်(ပြန်/ဆက်)