ဒေါ့ဖုန်းယန် သြဂုတ် ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် (၂၀၂၀ )ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ဆိုင်းနန်က အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုများ အကြောင်း ရှင်းလင်း၍ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ စီမံချက်ညှိနိုင်းရေးမှူး ဦးဘောမ်ယိန်းကလုပ်ငန်းစီမံချက်များကို လည်းကောင်း သားဖွားဆရာမ ဒေါ်ရီနွယ်ဝင်းက အစားအစာများကို အုပ်စု(၃)စု ခွဲ၍ ပြင်ဆင်ချက်ပြုတ်နည်း အကြောင်း အသီးသီး ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များ မွေးကင်းစကလေးနှင့် (၁)နှစ်အောက် ကလေးမိခင်များကို အာဟာရနှင့် ပတ်သက်သည့် ကျန်းမာရေးဗဟုသုတ မေးခွန်းများ မေးမြန်းဆွေးနွေးခြင်း၊ ကျန်းမာရေး ဆရာမများက အာဟာရ မျှတစွာ ချက်ပြုတ်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပြီး ဆုရရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် (၁)နှစ်အောက် ကလေးမိခင်များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
မြသက်(ပြန်/ဆက်)