ပိုင်ကျုံ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ယနေ့ နံနက်(၈)နာရီ အချိန်မှစတင်၍ ဆဌမအသုတ် (ဒုတိယ) အကြိမ် စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)