ရွှေဘိုမြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိ

ရွှေဘို  ဇန်နဝါရီ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ဓါတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ယူရီးယားဓါတ်မြေဩဇာများကို  ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကျွန်မတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သော ဓါတ်မြေဩဇာများကို ပြည်ပမှဈေးနှုန်းကြီးစွာဖြင့် ဝယ်ယူတင်သွင်းရန် ခက်ခဲနေသည့်အချိန်တွင် ပြည်တွင်း ဓါတ်မြေဩဇာ စက်ရုံများမှထုတ်လုပ်သော ယူရီးယားဓါတ်မြေဩဇာများကို လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ယူရီယားဓါတ်မြေဩဇာ (၃၂၅) အိတ်ကိုလည်ကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ယူရီယားဓါတ်မြေဩဇာ (၁၃၂၇) အိတ်ကို လည်ကောင်း တောင်သူ များအား ရောင်းချပေးခဲ့ပြီး ဆက်လက်၍ ယူရီယားဓါတ်မြေဩဇာများကို ရောင်းချဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း က ပြောကြားသည်။

ထိုပြင် ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် နွေစပါးသီးနှံတင်း(၁၂၀) ထွက်ရှိရေး အတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲစေခြင်း၊ ဓါတ်မြေဩဇာများအချိန်ကိုက် အချိုးကျစနစ်တကျ ထည့်သွင်းသုံးစွဲနိုင်ရေး စသည့်ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။ဆက်လက်၍ ရွှေဘို မြို့နယ်အနေဖြင့် နွေစပါးကို (SMC) တူးမြောင်းမှ စိုက်ဧက (၅၇၀၀၀) နှင့် (OMC) တူးမြောင်းမှ စိုက်ဧက(၅၈၅၀) ဖြင့် စုစုပေါင်း နွေစပါးစိုက်ဧက(၆၂၈၅၀)၊ အခြားသီးနှံကို SMC တူးမြောင်းမှ စိုက်ဧက (၁၂၅၀၀)ဖြင့် စိုက်ပျိုးရန်လျာထားကြောင်း ရွမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ထံမှသိရသည်။

ထွန်းမြင့်အောင်