တောင်ငူ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဗဟုသုတများ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တောင်ကွေ့ဈေး မူလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင် ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသည့် ရုပ်ပုံ စာအုပ်ဖြင့် ဧရာမ မုန်လာဥကြီး ပုံပြင်၊ စက္ကူပြဇာတ်ဖြင့် မိအေးချက်သည့် ဟင်းတစ်ခွက် ပုံပြင်တို့ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်များ၊ ကျောင်းသား၊ ကျောင်းသူများ လိုက်ပါကစားနိုင် သည့် ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးပြီး ရုပ်ပုံပါပုံပြင်စာအုပ်များဖြင့်  စာဖတ် ဝိုင်းများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ သိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက  လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(တောင်ငူ)