တနင်္သာရီမြို့နယ်၊တမုတ်ချုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖလားကျေးရွာပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က တမုတ်ချုန်းကျေးရွာ ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန အားကစားမှူး ဒေါ်ပပထွန်းနှင့်ပြိုင်ပွဲဝင်ဘောလုံးအသင်း(၆)သင်းတို့မှ အားကစား သမားများ၊ ကျေးရွာများမှ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက ပြိုင်ပွဲဝင်အသင်း များအား ချစ်ကြည်ရင်းနှီးအေးချမ်းစွာ ယှဉ်ပြိုင်ကစားကြရန်နှင့် ကျေးရွာအုပ်စုကိုယ်စားပြု ဘောလုံးအသင်းတစ်သင်း ဖွဲ့စည်းနိုင်အောင် ကြိုးပမ်းကြစေလိုကြောင်း အဖွင့်အမှာစကား ပြေ ကြားပေးသည်။

ဆက်လက်၍ ဘောလုံးပြိုင်ပွဲ-ပွဲဦးထွက်ပွဲစဉ်ကစားမည့် တမုတ်ချုန်းကျေးရွာအသင်းနှင့် ရေဖြူ ကျေးရွာအသင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်က ကွင်းအတွင်း ဘောလုံးကန်သွင်းပေး၍ ဘောလုံးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးလိုက်ကြောင်း ပွဲဦးထွက် ပွဲစဉ်တွင် တမုတ်ချုန်းကျေးရွာအသင်းမှ ရေဖြူကျေးရွာအသင်းအား (၂ဂိုး-၁ဂိုး)ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ယင်းအုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ရေဖြူကျေးရွာအသင်း၊ ရှမ်းအင်း တော်ရွာအသင်း၊ မြန်မာအင်းတော်ရွာအသင်း၊ ကမ္မလိုင်းရွာအသင်း၊ တမုတ်ချုန်းရွာအသင်းနှင့် ကျောက်မီးကျောင်းရွာအသင်း စသည့်အသင်း(၆)သင်းတို့က တမုတ်ချုန်းကျေးရွာ ဘောလုံးကွင်းအတွင်း နေ့စဉ်ညနေ(၃)နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးထံက သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)