မအူပင် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းက သောင်ဇားကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မအူပင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုစုနှင့် မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးတို့က နိုင်ငံသားကတ်အသုံးဝင်ပုံနှင့် အသက်အရွယ်အလိုက် ကိုင်ဆောင်လဲလှယ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်အထက် ပြည်သူများအား နိုင်ငံသားကတ်ပြားပြုလုပ်ခြင်း၊ အသစ်လဲလှယ်ခြင်း၊ အိမ်ထောင်စုဇယား ဆောင်ရွက်ပေးခြင်း လုပ်ငန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး (၃)ရက်ကွင်း ဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် (လ.ဝ.က) ဦးစီးမှူးထံက သိရှိရသည်။
အောင်ခိုင်