မုံရွာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ် ပူဇော်ခြင်းနှင့် အသံမစဲ မဟာပဋ္ဌာန်းတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်က မုံရွာမြို့၊ ရွှေစည်းခုံဘုရားကြီး သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့ ဓမ္မပါရဂူကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ အရှင်သူမြတ် နှင့် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပါသည် ။
အစီအစဉ်အရ တက်ရောက်လာကြသူများက အခမ်းအနားအား “နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီးနောက် သာဇံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဩယစက ရောင်ခြည် တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ခဲ့ပြီး သာဇံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအာစာရက ပဋ္ဌာန်းတရားတော် နာကြားနိုင်ရန် နတ်၊ ဗြဟ္မာများကို ဖိတ်ကြားသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက၊အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီးနောက် လူမှုရေးရာ ဝန်ကြီးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာန နာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ အရှင်သူ မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာကို ဖတ်ကြားခြင်း၊ ဆရာတော်၊ သံဃာတော်အရှင်မြတ်များနှင့်တကွ ပရိသတ်အားလုံးတို့က ပဋ္ဌာန်း(၂၄)ပစ္စည်း ပစ္စယုဒ္ဒေသပါဠိတော် ကို ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်ကာ အခမ်းအနားကို “ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းပြီးနောက်အလှည့်ကျဆရာတော်မှ ဥပ္ပါတသန္တိသုတ်တော်ကို စတင်ရွတ်ဖတ်ပူဇော် ခဲ့ကြောင်းသိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)