အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၀၀၀၀)ကျော် ရှိပြီဖြစ်

အိမ်မဲ ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ် (၂၉)၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို တာဝန်ရှိသူများက ယနေ့၌ ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာ၌ ယနေ့နံနက်ပိုင်းတွင် သပြေကွင်းကျေးရွာ၊ ကမန်းအုန်းပင်စုကျေးရွာ၊ ရေငံကွင်း ကျေးရွာ၊ အင်းတမိကျေးရွာနှင့် နေ့လည်ပိုင်းတွင် ထိန်ငူကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ လယ်ပေါ်ရပ်ကွက်၊ စာချွန်ခံရပ်ကွက်တို့မှ ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးရန်ရှိသူ လျာထားဦးရေ (၁၆၂၆၂၆)ဦး ရှိပြီး ယနေ့အထိ ကာကွယ်ဆေး ထိုးပြီးသူ (၁၀၀၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

အဆိုပါဆေးထိုးစုရပ်၌ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများက ကာကွယ် ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေး​နေကြကြောင်း သိရသည်။

ချစ်သက်လယ်