ဘားအံ ဇန်နဝါရီ ၁၃
နို့သောက်သုံးပေးခြင်းဖြင့် အာဟာရ ပြည့်ဝပြီး ကျန်းမာသန်စွမ်း၍ IQ (ဉာဏ်ရည်) မြင့်မား တိုးတက်စေရန်နှင့် နို့သောက်သည့်အလေ့အကျင့်ကောင်းများ ရရှိစေပြီး ဉာဏ်ရည်ထက်မြတ်၍ ခန္ဓာကိုယ်ကျန်းမာ ကြံခိုင်ကြီးထွားစေသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် နို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေး၍ ကျောင်းသား/သူများအား နို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့ အမှတ်(၁၂) အခြေခံပညာ မူလတန်းကျောင်းတွင် သင်ကြားသင်ယူမှုများ ဆောင်ရွက်နေကြသော ကျောင်း သား/သူ၊ ဆရာ/မများအတွက် ပါးစပ် နှင့်နှာခေါင်းစည်း Mask ၇၀၀ နှင့် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပြက္ခဒိန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ(၁၃၇)ဦးအား နို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအက သွားရောက် ကပြဖျော်ဖြေနိုင်ရေး ကရင်ကျောင်းသားများရိပ်သာ၌ စခန်းသွင်း လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၇၄ ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ နို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask ၄၀၀ နှင့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြက္ခဒိန်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အမှတ်(၁၁)အခြေခံပညာ မူလတန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၈ ဦးအား နို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြပြီး ပါးစပ်နှင့် နှာခေါင်းစည်း Mask များ၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြက္ခဒိန်များအား ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)