မကွေး ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီးအတွင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သည် မိမိတို့ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးအတွက် ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားအားလုံး စည်းလုံညီညွတ်စွာဖြင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေ့တစ်တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် ပြည်ထောင်စုနေ့အခမ်းအနားအား ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက်ဖြစ်ပြီး စိန်ရတုအထိ ရောက်ရှိခဲ့ပြီဖြစ်ကာ မိမိတို့တိုင်းဒေသကြီးအတွင်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်အစည်းအဝေး တက်ရောက်လာသူ များအနေဖြင့် ဝိုင်းဝန်းအကြံပြုကြစေလိုကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် ပြခန်းများ ခင်းကျင်းပြသရာတွင် ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရစေမည့် ပြခန်းများနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများကို ပါဝင်ပြသစေလိုကြောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်ကျော်လင်း က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)