ဘိုကလေး ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကစီးပွားရေး အဖြစ်လုပ်ကိုင်ဆောင်ရွက်၍ အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် နေ့စဉ်အပိုဝင်ငွေများ ရရှိလျက်ရှိသည်။
ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရာတွင် ဘဲမအကောင်ရေ (၂၀၀)မှ (၅၀၀)အထိ မွေးမြူကြပြီး ဘဲမအကောင်ရေ (၂၀၀)မွေးမြူထားသူသည် တစ်နေ့လျှင် ဘဲဥ (၁၅၀)လုံးခန့်ရရှိကြောင်း၊ အဆိုပါ ဘဲဥများအား ဈေးကွက်အတွင်း ရောင်းချပါက တစ်လုံးလျှင် (၁၂၅)ကျပ်နှုန်းခန့် ရောင်းချရပြီး အနည်းဆုံး ဘဲမအကောင်ရေ (၂၀၀)ခန့် မွေးမြူသူအနေဖြင့် တစ်ရက်လျှင် ငွေကျပ်(၂၀၀၀၀)ခန့် နေ့စဉ် အပိုဝင်ငွေ ရရှိလျက် ရှိသည်။
တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ဘဲမွေးမြူသူတစ်ဦးမှ "ဘဲမတွေက အသက်(၅)လကနေစပြီး အသက်(၃)နှစ် ကျော်အထိ ဥလေ့ရှိပါတယ်၊ ဘဲမွေးမြူဖို့ တော်ရုံ တန်ရုံ ဝါးခြံလောက် ဆောက်ထားရင် မွေးလို့ရပြီး လယ်ကွင်းတွေ၊ ချောင်း၊ မြောင်းတွေထဲမှာပဲ လွှတ်ကျောင်းထားကြတာ များပါတယ်၊ အစာအနေနဲ့က ဘဲအရွယ်ငယ်တဲ့အချိန်မှာ ထမင်း၊ ဖွဲနု ကျွေးရပြီးတော့ လွှတ်ကျောင်းတဲ့ အရွယ်ရောက်ရင် လယ်ထဲ၊ ချောင်းထဲက ခရု၊ တီကောင်၊ ရေမှော်နဲ့ ပိုးကောင်မွှားကောင်များကို ရှာဖွေစားသောက်ကြတက်ပါတယ်" ဟု ပြောကြားသည်။
ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ လေးပုံတစ်ပုံခန့်သည် အပိုဝင်ငွေ ရရှိရေးအ တွက် ဘဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လေ့ရှိပြီး ဘဲဥများကို အရောင်းအဝယ် ဒိုင်များသို့ ရောင်းချခြင်း၊ ဓာတ်ဘဲဖောက်ဆိုင်များသို့ ရောင်းချခြင်း၊ ဈေးကွက်များသို့ တင်သွင်းဖြန့်ဖြူး ခြင်းများနှင့်အရွယ်လွန်၍ မဥနိုင်တော့သည့် ဘဲမများနှင့် ဘဲထီးများအား အသားဈေးဖြင့် ဈေးကွက်သို့ရောင်းချခြင်းဖြင့် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေများ နေ့စဉ်ရရှိလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)