အိမ်မဲမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/ မရှိ ဆက်လက်စစ်ဆေး

အိမ်မဲ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ မြို့အတွင်းသို့ ဝင်ရောက်လာသည့် ထော်လာဂျီများအား သတ်မှတ်ထားသည့်နေရာမှ မဝင်ရောက်ပဲ စည်းကမ်းမဲ့ ဝင်ရောက်လာသူများ၊ ဆိုင်ကယ်စီးအုပ်ထုပ် မဆောင်းပဲ စီးနင်းသူများ၊ လူနှစဦးထက် ပိုစီးနင်းသည့် ဆိုင်ကယ်တို့ကို ပထမအကြိမ်အနေဖြင့် သတိပေးကာလ အနေဖြင့် ပညာပေးဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပဲ သွားလာသူများကို "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်း မလိုက်နာသည့် ထော်လာဂျီယာဉ်များအား ပထမအကြိမ်အနေဖြင့် ဒဏ်ငွေ (၃၀၀၀၀)ကျပ်၊ ဒုတိယ အကြိမ်အနေဖြင့် (၅၀၀၀၀)ကျပ်နှင့် တတိယအကြိမ်အနေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်