ဖျာပုံ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်ပြီး ကျန်းမာ ပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန် ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီ အချိန်ကကျင်းပပြုလုပ်ကြသည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ဖျာပုံမြို့ အမှတ်(၃)ရပ်ကွက်၊ အမက(၁၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးများက မိမိကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ဂိမ်းကစား ခြင်းပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲ၊ အပ်နဖါးထိုးပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)