ဒေးဒရဲ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား Mobile Bank စနစ်ဖြင့် ငွေကြေးထောက်ပံ့ပေးနိုင်ရေး သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကလေးသူငယ်များ အဟာရပြည့်ဝစွာ စားသုံးနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဖျာပုံမြို့ ဧရာဝတီဘဏ်က တာဝန်ရှိသူများက AYA PAY WAllET အကောင့်ဖွင့်လှစ်ပေးခြင်းနှင့် လက်တွေ့အသုံးပြုခြင်း လုပ်ငန်းများကို တက်ရောက်လာသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ စာရေးများ၊ ရပ်ကျေးအမျိုးသမီးရေးရာ ကော်မတီဝင်များအား ဖုန်းကိုအသုံးပြုပြီး ငွေထုတ်ယူနိုင်ရေး လုပ်ငန်းစဉ်များအား စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့သည်။ ထို့နောက် ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီနီမြင့်နှင့် မြို့နယ်အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင် ဒေါ်သင်းသင်းမွန်တို့က ကိုယ်ဝန်ဆောင် စာရင်းအသစ် ကောက်ယူခြင်းနှင့်ကိုယ်ဝန်ဆောင်၊ ကလေးစာရင်း Update ပြုလုပ်ခြင်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးနိုင်ရေး အစီအစဉ်အား ၂၀၂၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း အကျုံးဝင်သောသူများအား Mobile Bank စနစ်ဖြင့် (၃)လ တစ်ကြိမ်လျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ကလေးသူငယ်များ (၂) နှစ် ပြည့်သည်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)