မြင်းမူမြို့နယ်တွင် ကုလားပဲ(၁၄၃၁၈)ဧကစိုက်ပျိုးထားရှိကာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ

မြင်းမူ ဇန်နဝါရီလ ၁၃ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်တွင် ဆောင်းကုလားပဲ(၁၄၅၄၀)ဧက စိုက်ပျိုးရန်လျာထားလျှက်ရှိရာ  ယခုကွင်းမပိတ်မီ ဒီဇင်ဘာလကုန်ထိ ကုလားပဲ (၁၄၃၁၈)ဧက စိုက်ပျိုးထားရှိကာ ကုလားပဲစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျှက်ရှိ ကြောင်း သိရသည်။

ယခုအခါ   ဒေသခံတောင်သူများအနေဖြင့်   အထွက်နှုန်းပိုမိုကောင်းမွန်သည့် (၉၂၂)မြန်မာ မျိုးဒေသအခေါ် (အနီ) မျိုးကိုအများအပြားစိုက်ပျိုးကြကြောင်း ၊ကုလားပဲ(၁)ဧကလျှင် ကုန်ကျစရိတ် အနေဖြင့် မျိုး(၃)တင်းအပါအဝင် တောင်သူစရိတ်၊ ဆေးဝါးအသုံးပြုခ၊ နှုပ်သိမ်းအပြီး ငွေကျပ်(၅၅၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်(၁)ဧကလျှင် ပျှမ်းမျှတင်း(၄၀)ထွက်ရှိကြောင်း၊ ကုလားပဲ(၁)တင်းဈေးမှာ  ပျှမ်းမျှငွေကျပ်(၆၀၀၀၀)ဈေး ရရှိသည်ဖြစ်၍ တစ်ဧကလျှင် အရင်းနုတ်ပြီးအသားတင်ငွေကျပ်(၁၈)သိန်းကျော်ရရှိကြောင်း မြင်းမူမြို့၊ တပင်ရွှေထီးရပ်မှ နှစ်စဉ်ကုလားပဲစိုက်ပျိုးလုပ်ကိုင်နေသူ ဒေါ်စန်းစန်းထံမှ သိရှိရသည်။

မြင်းမူမြို့နယ်တွင်   ပဲမျိူးစုံ(၃၇၀၂၅)ဧကစိုက်ပျိုးရန်လျှာထားခဲ့ရာ  ဒီဇင်ဘာလကုန် ကွင်းမပိတ်အချိန်ထိ(၃၅၂၇၃)ဧကကို  စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းနှင့်  ကုလားပဲအနေဖြင့် စိုက်ပျိုးရန်လျာထား (၁၄၅၄၀)ဧကအနက် ကွင်းမပိတ်ချိန်ထိ(၁၄၃၁၈) ဧကကိုစိုက်ပျိုး နိုင်ခဲ့ပြီး ကျန်ရှိပဲစိုက်မြေများတွင်လည်း  ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိူးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲမြင့်သိန်းထံမှသိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)