ကျုံပျော် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူကျန်မရှိအောင် ပြုလုပ်ပေးရေးအတွက် ခရိုင်မှူးမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့် ဦးဆောင်သည့် တာဝန်ရှိသူများက ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး၊ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးပါမှုနှင့်အသုံးဝင်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြား ကာ၊ ဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူကျန်မရှိအောင်ပြုလုပ်ပေးရေး မှာကြားပြီး ကွင်းဆင်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြို့နယ်လဝကဦးစီးမှူး ဦးထွန်းအေး ဦးဆောင်သည့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျုံပျော်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၁၉၀)ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၂၉၈)ခု ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။
ဌာနအနေဖြင့် ပြည်သူများအတွက် ပန်းခင်းစီမံချက် ပထမ(၃)လတွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများကို မြို့နယ် လဝကရုံးသို့ ခေါ်ယူဆောင်ရွက်ပေးခဲ့ပြီး၊ ယခုအခါ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်ရှိမှုများ ရှိပါက ကောက်သင်းကောက်စနစ်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး