လက်ပံတန်း ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းနယ်မြေ မီးသတ်စခန်း အဆောက်အဦအသစ် လွဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဇီးဖြူကုန်းနယ်မြေ မီးသတ်စခန်း အဆောက်အဦအသစ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဇီးဖြူကုန်း နယ်မြေ မီးသတ်စခန်းအား တာဝန်ယူ တည်ဆောက်သော Our strength ကုမ္ပဏီ မှ တာဝန်ရှိသူက စခန်းဆောက်လုပ် ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြ၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ နယ်မြေ မီးသတ်စခန်း အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ အဆိုပါ မီးသတ်အဆောက်အဦသစ် သည် (၂၀၁၉-၂၀၂၀) ခုနှစ် ဘဏ္ဏာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၃၁.၈) သန်း ဖြင့် Our strength ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး အလျား(၄၅) ပေ၊ အနံ ၅၀ပေ၊ အမြင့် (၂၆) ပေရှိ နှစ်ထပ်အဆောက်အဦ ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး