သာယာဝတီ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တံတားကွင်းကြီးကျေးရွာနှင့် ကျွန်းကုန်းကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက တံတားကြီးကွင်းကျေးရွာနှင့် ကျွန်းကုန်းကျေးရွာ အတွင်းရှိ လမ်းဆုံလမ်းခွ နေရာများတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် သာယာဝတီမြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ၊ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန် ၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ် ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့၏ နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြပါရန် စသည့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် Hand Speaker ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော်