တောင်ငူ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူး၍ မိတ်ကပ် ၊ ဆံပင်၊ ဆံထုံး အလှပြင်သင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က ဖွင့်လှစ်သည်။
ရှေးဦးစွာ သင်တန်း၌ တောင်ငူခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သဇင်မျိုးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ မိတ်ကပ်ပညာရှင် ကိုးဦးမှ မိတ်ကပ်လိမ်းခြယ်ရာ၌ အသုံးဝင်သည့် ပါဝင်ပစ္စည်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြမှ မိတ်ကပ်လိမ်းခြယ်နည်း အဆင့်ဆင့်ပြုလုပ်နည်းများ၊ ဆံထုံး ထုံးဖွဲ့နည်းများအား တက်ရောက်ကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာ အဖွဲ့ဝင် သင်တန်းသား ၃၀ ဦးနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး သင်တန်းကာလ အနေဖြင့် ဇန်နဝါရီလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)