လက်ပံတန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ဝါးလက်မှု ပညာသင်တန်းဖွင့်ပွဲပြုလုပ်

လက်ပံတန်း ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးလက်မှု ပညာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ်၊ ကြို့ပင် စခန်းအုပ်စု၊ ကြို့ပင်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ဝါးလက်မှုပညာသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို  ရှင်းလင်း ပြောကြားပြီး  ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးထက်အောင်လှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။    

အဆိုပါ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား/မရေးရာ၊ အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် အခွင့်အရေးဆိုင်ရာ ဘာသာရပ်နှင့် ဝါးလက်မှုပညာဖြင့် ပြုလုပ်သည့် ဖုန်းတင်ခုံ၊ ဘောပင်ထည့်ခြင်း၊ ဓာတ်ပုံဘောင်၊ နာရီအိမ်၊ တစ်ရှူးဘောက်၊ ဆွဲခြင်း၊ မီးအိမ်၊ စာအုပ်ဖတ်စင်၊ အခါးရေအိုးပြုလုပ်နည်း အစရှိသည်တို့အား သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသန်း၊ ဝါးလက်မှုပညာရှင် ဦးမျိုးမြင့်နှင့် ဦးညွန့်သန်းတို့က ဇန်နဝါရီ ၁၃ ရက်မှ ဇန်နဝါရီ ၂၂ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး