ပန်းတနော် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ဦးထွန်းလှရေးသားသည့် ''ဘာလဲဟဲ့လောကဓံ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်သီတာခိုင်က ယခုလို စာဖတ်ဝိုင်းကို အပတ်စဥ်ပြုလုပ်ပေးခြင်းဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေခြင်း၊ စဥ်စားတွေးခေါ်မှုမြင့်မားလာစေခြင်း၊ လူ့အဖွဲ့စည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာတက်စေရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဦးစစ်ယုန်က ''ဘာလဲဟဲ့ လောကဓံ” ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (Book Club)အသင်းဝင် မောင်သန့်ကြည်ဇင်က အခက်အခဲတွေ့လျှင်ကြံ ၊အဖျက်အဆီးများ မရှိမဖြစ်၊ (Youth Club) အသင်းဝင် မသန္တာက ကြီးပွားလိုလျှင်၊ နောက်မဆုတ်စတမ်း စသည့်စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။