သာယာဝတီ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက သာယာဝတီ ခရိုင် “ပန်းခင်းစီမံချက်” လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ် မနေ ဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း “ပန်းခင်းစီမံချက်” ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ (၁၅၉၅၇၆)ဦး ဆောင်ရွက် ပေးရမှာဖြစ်ကြောင်း၊ ယခုအခါ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် “ပန်းခင်းစီမံချက်”လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် မရှိမဖြစ် လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား တစ်ယောက်မကျန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဆိုသည့် ခံယူချက်ဖြင့် ဝန်ထမ်းများအားလုံး အားကြိုးမာန်တက် တက်ညီ လက်ညီ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာယာဝတီခရိုင်တွင် "ပန်းခင်း"စီမံချက် လျာထား ချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူနှင့် သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးလှမျိုးထွန်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် သာယာဝတီခရိုင် ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်များက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)