ပန်းတောင်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့်၁၈နှစ်အထက် ပထမအကြိမ်ထိုးရန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့်၁၈နှစ်အထက် ပထမအကြိမ်ထိုးရန်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် ရွှေပင်ရပ်ကွက်(နာဂမုနိ) ကြခတ်ရပ်ကွက် (ဆုတောင်းပြည့်ဓမ္မာရုံ)၊ ညောင်ပင်ကျေးရွာ၊ နတ်မောက်ကျေးရွာ (ပြည်လုံးချမ်းသာဘုရား) တို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်းသိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ဒုတိယအကြိမ် ထိုးရန်ကျန်ရှိသူများနှင့် ပထမအကြိမ် ထိုးမည့်သူများကို ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။ ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)