ပုလော ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီက ပုလောမြို့နယ် (Community Centre) တွင် ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမော်က ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုသိရှိပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင် ဆောင် ရွက်နိုင်စေရန် ရည်ရွယ်၍ Talk Show ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြစောနွယ်က သဘာဝတရားက လူသားများအတွက် ကောင်းမွန်သောအကျိုးတရားများကို ရရှိခံစားစေနိုင်သော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်တွင် လေဘေး၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး စတဲ့ ဘေးအမျိုးမျိုးရှိရာ ပြည်သူများအနေဖြင့် အဆိုပါဘေးဆိုးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနိုင်သောကြောင့် မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရန်နှင့် ဖြစ်ပွားလာပါက သက်ဆိုင်ရာတာဝန်ရှိသူများကို အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ရန်နှင့် ဖြစ်ပွားပြီးပါက နေထိုင်ရမည့်နည်းလမ်းများကို ဆွေးနွေးခဲ့သည်။
အေးအေးမော် (ပုလော)