ဇလွန်မြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဇလွန်   ဇန်နဝါရီ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါသည် ကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ ယခင်ကိုဗစ်-၁၉ ဖြစ်ပွားသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါ ကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန် စသည့် အသိပညာပေးနှိုးဆော်မှုများကို Hand Speaker ဖြင့် လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)