ပိုင်ကျုံ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ညာမရော-ဖားကပ် (၄) မိုင် လမ်းပေါ်တွင် Box Culvert (၅)ခု တည်ဆောက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၅၀) ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၂၃.၄၈၅) သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတည်ဆောက်ခြင်းလုပ်ငန်းကို တော်ဝင်ကရင်မိသားစုမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)