ကျောင်းကုန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ်

ကျောင်းကုန်း ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်မှ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက် (၃)ချက်မှာ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်ရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း၊ (၁၄-၃-၂၀၁၄) ရက်နေ့မှာ စားသုံးသူကာကွယ်ပေးရေးဥပဒေကို ပြဌာန်းခဲ့ပြီး၊ ၂၀၁၆ ခုနှစ်မှ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပကြောင်း (၁၅-၃-၂၀၁၉) ရက်နေ့မှာ စားသုံးသူကာကွယ်ရေးဥပဒေအသစ်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၉)အရ အတည်ပြုပြဌာန်းခဲ့ကြောင်း စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊  စီးပွားရေး လုပ်ငန်းရှင် ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက် ပေးခြင်း၊ တားမြစ်ချက်များနှင့် ပြစ်မှု /ပြစ်ဒဏ်များအား ပြောကြားခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ  အသိပညာပေး Talk Show ပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊  စာအုပ် စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်