ချောက်မြို့နယ်၌ ကိုဗစ် -၁၉ မျိုးဗီပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ချောက် ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝန်ထမ်းများက ယမန်နေ့ည ၈နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေး နှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ်အိုမီခရွန်ကိုကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအားလုံး သတ်မှတ်ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြရန်နှင့် ပြည်သူများအနေဖြင့်   နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ(Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါသံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူကြရန် စသည့်အချက်များကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)