လက်ပံတန်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က ညောင်ဝိုင်းကျေးရွာအုပ်စု ဖိုးတောင်ရိုးကျေးရွာ၊ ရန်အောင် ကျေးရွာ၊ မင်းလမ်းကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြ ရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပါဖြင့် စနစ်တကျ ဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ် ကြရန်၊ အပြင်သွားပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာကျန်းမာရေးဌာန သို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက် ရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာ ကွယ်ရေးနှင့်ပတ်သက်သည့်အချက်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများ အတွင်းလှည့်လည်၍ Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ စကောကရင် ဘာသာဖြင့် ပြည်သူသို့အသိပေးပန်ကြားချက် အသံဖိုင်ဖြင့်လည်း နှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး