ကန်ကြီးထောင့် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် ပြည်သူများအနေဖြင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူ Youth Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း ရေးသားသည့် “ပါတော်မူပြီးစ မြန်မာနိုင်ငံအခြေအနေ” စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ကဏ္ဍတစ်ခုချင်းစီအား စာအုပ်စာစောင် ချစ်မြတ်နိုးသူ Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် မရွှေဇင်ထက်နှင့် မောင်ထက်ဝေအောင်တို့က ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ယခုကဲ့သို့ စာဖတ်ဝိုင်းများ ကျင်းပဆွေးနွေးရခြင်းမှာ ပြည်သူများအနေဖြင့် စာအုပ်စာပေမှရရှိသော အသိပညာများဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် စာပေဖတ်ရှုမှု အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်