ကန့်ဘလူ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် အိုမီခရွန်အပါအဝင် ကိုဗစ်- ၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်နိုင်ရန်နှင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အတွက်” ကိုဗစ်- ၁၉ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးနည်းလမ်းများကို အားလုံးဆက်လက် လိုက်နာလို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ ” အသိပညာ ပေးမြေစိုက်ဘုတ်များကို ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်စည်ပင်သာယာလမ်းထောင့်တွင် လည်းကောင်း၊ အမှတ် (၅)ရပ်ကွက် သံလမ်းကူးအနီး ဦးအောင်ဇေယျလမ်း မြောက်ဘက်၌လည်းကောင်း မြို့နယ် စည်ပင်သာယာအဖွဲ့က ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်းကစိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးမြေစိုက်ဘုတ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်- ၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကိုသတိပြုကာ မိမိကစ၍ကာကွယ်ပါ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်မပျက်မကွက်ခံယူပါ၊ ကိုဗစ်- ၁၉ ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ နေ့စဉ်ခပ်ခွာခွာနေပါ၊ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ဖို့ လူအများနှင့်ထိတွေ့မှုကို တတ်နိုင်သမျှလျော့ချဖို့က အဓိကဖြစ်ပါတယ်၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများစသည့် ပြည်သူများလိုက်နာရမည့်အချက်များ ပါဝင်ကြောင်းသိရသည်။
ထို့ပြင် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ လူစည်ကားရာနေရာများ၊ မြို့မစျေးအနီးဝန်းကျင်နေရာများ၊ အခြေခံပညာကျောင်းများတွင် နှာခေါင်းစည်း( Mask)များ အခမဲ့ဖြန့်ဝေခြင်း၊အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)