မော်လိုက် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထင်းရှူးချောင်ကျေးရွာ၌ ဆောင်ရွက်နေသည့် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုတို့အား ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မော်လိုက်မြို့နယ် ထင်းရှူးချောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၁ ဒဿမ ၁၁၀)သန်းဖြင့် အရှည်( ၁ မိုင် ၆ ဒဿမ ၆ ဖာလုံ)ရှိ မြေသားလမ်းဖောက်လုပ်ခြင်း၊ (၉)လက်မထုရှိ ဂျင်းလမ်းခင်းခြင်းနှင့် အဆိုပါ လမ်းပေါ်ရှိ တံတားအရှည်ပေ(၂၀)၊ လမ်းအကျယ်(၁၄)ပေရှိ ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်းနှင့် အရှည်(၅)ပေ၊ အကျယ်(၁၈)ပေရှိ Box Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ရွှေပြည်သစ္စာကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် မတ်လ တွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုဖောက်လုပ်နေသည့် ထင်းရှူးချောင်ကုန်ထုတ်လမ်းအား ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာလေးရွာရှိ စိုက်ပျိုးဧက (၂၅၅၀)ဧကအတွက် အကျိုးပြုသွားဖြစ်ပြီး၊ စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ခြင်းများအတွက် များစွာအဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးမှ သိရသည်။
အဆိုပါ ထင်းရှူးချောင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုတို့အား ကွင်းဆင်းစစ်ဆေး ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် တာဝန်ရှိသူများက ကုမ္ပဏီတာဝန်ခံများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ပြီး စက်ယန္တရားများဖြင့် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကာ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး