ချောက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာ ရေနံမြေရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား မီးဘေးကြိုတင် ကာကွယ်သည့် အနေဖြင့် လုပ်ငန်းခွင်သင်တန်းကျောင်းတွင် ယနေ့ နံနက် ၈နာရီ ခွဲအချိန်ကစ အခြေခံ မီးသတ်ပညာ(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က သက်ဆိုင်ရာ ချောက်/လမ်းရွာ ရေနံမြေသင်တန်သားဝန်ထမ်းများ အနေဖြင့် မိမိတို့တက်ရောက်သည့် အခြေခံမီးသတ်ပညာ (မွမ်းမံ)သင်တန်းအား အလေးထားတက်ရောက်ရန်၊ မိမိဌာန၊ မီးဘေးလုံခြုံရေးအတွက် ကြိုးစားသင်ယူ ကြပါရန်နှင့် မိမိရပ်ရွာတွင်လည်း သတိပေး၊ အသိပေး ပြန်လည်မျှဝေရန်၊ မတော်တဆမီးလောင်မှုဖြစ်လျှင် ဝိုင်းဝန်းကူညီပေးကြရန်၊ စည်းကမ်းနှင့်အညီ ကြိုးစားကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက် /လမ်းရွာ ရေနံမြေအထွေထွေ မန်နေဂျာ ဦးရဲနိုင်မှ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ စက်ရုံ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လောင် ကျွမ်းလျှင်မီးသတ်ဆေး၊ ဖုန်းဆေးဖြင့် စနစ်တကျငြိမ်းသတ်နိုင်ရေး၊ မီးလောင်လျှင် အခြေခံကျကျငြိမ်းသတ်နိုင်ရေး အတွက် နည်းပြသင်တန်းဆရာများ၏ စာတွေ့လက်တွေ့ သင်ကြားမှုများကို ကြိုးစားပြီး သင်ယူကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍မြို့နယ်မီးသတ်တပ်ကြပ်ကြီးဇော်ဟိန်း၊တပ်ကြပ်ကြီးဇွဲမာန်ဦး၊ဒုတပ်ကြပ်ဟိန်း မင်းကိုကိုတို့မှ အခြေခံမီးသတ်ပညာ(မွမ်းမံ)ဆိုင်ရာ ပိုက်လိတ်နည်း၊ ပိုက်ကောက်နည်း၊ ပိုက်ချနည်း၊ ဆေးဖြန်းနည်း (မီးသတ်ဆေးဗူးအမျိုးမျိုး)အား စာတွေ့သင်ကြားခြင်း၊ အခြေခံ ကြိုးချည်နည်း၊ အမြှုပ်မီးသတ်ဆေးရည် အသုံးပြု ပုံ(စာတွေ့)၊ စက်ကြီး၊ စက်လေးဖြင့် လေ့ကျင့်အသုံးပြုပုံ၊ Wet Drill Exercise ရေစိုလေ့ကျင့်ခန်း စသည့်ပညာရပ်များအား ချောက်/လမ်းရွာရေနံမြေဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား(၅၀)ဦးအား သင်တန်း ချိန်(၂)ပတ်ကြာ စာတွေ့လက်တွေ့ နေ့စဉ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)