ပေါင်းတည် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်မှတစ်ဆင့် အရည်အသွေးပြည့်မီသည့် ပုံပြင်ပြောအစီအစဉ်များ လွှင့်တင်ပေးနိုင်ရန်အတွက် ပုံပြောပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဦးစီးမှူးက ပြည်သူ့စာကြည့်တိုက် Facebook Pageမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများဖြစ်သော ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာအုပ်မိတ်ဆက် စက္ကူခေါက်အစီအစဉ်များကို ရိုက်ကူးလွှင့်တင် ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသော ပုံပြင်များ လွှင့်တင်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သတ်မှတ်ချက်နှင့်အညီ တစ်ခရိုင်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရပါကြောင်း၊ ပထမဆုငွေတစ်သိန်းကျပ်၊ ဒုတိယဆုရှစ်သောင်းကျပ်၊ တတိယဆုငါးသောင်းကျပ်နှင့် အထူးဆု(၅)ဆုအတွက် နှစ်သောင်းကျပ်စီ ချီးမြှင့်ပေးပါကြောင်း၊ ကျောင်းသားကျောင်းသူ ကလေးများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် ပေါင်းတည်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှာလွှင့်တင်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲသို့ တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသားကျောင်းသူ(၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး အရုပ်ဆက်ကစားကြသည်။ ထို့နောက်ဆုရရှိသူများအား ဆုများပေး အပ်ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)