ပေါက်မြို့နယ်၌ ဆောင်းရာသီကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမီ စိုက်ပျိုးနိုင်ရန် မြေပြင်ခြင်း လုပ်ငန်းများဆောင်ရွက်

 

ပေါက်  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ ဆောင်းရာသီ၌ အဓိကစိုက်ပျိုးသီးနှံဖြစ်သော ကြက်သွန်၊ အာလူးကို ရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီ လယ်ထွန်စက်ကြီးများ နှင့် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း (၇၄)အုပ်စု နှင့် ကျေးရွာပေါင်း (၂၃၅)ရှိပြီး ယောချောင်း၊ ကျောချောင်း ဘေးတစ်လျှောက်ရှိ စိုက်ပျိုးရေး တောင်သူများသည် ဆောင်းသီးနှံ ကြက်သွန်ကို ယောချောင်း ဘေးတစ်လျှောက်တွင် အဓိကထား စိုက်ပျိုးလျက်ရှိပြီး ကျောချောင်းဘေး တစ်လျှောက်တွင် အာလူးကို အဓိကထား စိုက်ပျိုးလျက်  ရှိကြောင်း သိရသည်။

ဆောင်းရာသီအာလူးစိုက် တောင်သူများသည် နတ်တော်လဆန်းပိုင်းတွင် စတင်စိုက်ပျိုး လျက်ရှိပြီး တပေါင်းလထဲတွင် ဖြိုင်ဖြိုင်ပေါ်ကာ ရောင်းချလျက်ရှိပြီး ကြက်သွန်စိုက် တောင်သူများသည် ပြာသိုလဆန်းပိုင်းတွင် စတင်စိုက်ပျိုးလျက်ရှိပြီး တန်ခူးလထဲတွင် ဖြိုင်ဖြိုင်ဖော်ကာ ရောင်းချလျက်ရှိရာ ယခုအချိန်တွင် ရာသီမီစိုက်ပျိုး ရောင်းချနိုင်ရေး အတွက် မြေပြင်ခြင်း လုပ်ငန်းများကို ယခင်က ကျွဲရှဉ်း၊ နွားရှဉ်းကိုသာ အသုံးပြုခဲ့ကြပြီး ယခုအခါတွင် ကျွဲရှဉ်း၊ နွားရှဉ်းများ သာမက ခေတ်မီ လယ်ထွန်စက်ကြီး နှင့် ဆောင်ရွက် လျက်ရှိရာ စက်အကြီးအသေး ပေါ်မူတည်၍ တစ်နာရီလျှင် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ဖြင့် အင်တိုက်အားတိုက် နေ့ရောညပါ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွဲ၊ နွား တစ်ရှဉ်းလျှင် တစ်မနက် ကျပ် ၁၀၀၀၀ ပေးဆောင်ရပြီး မြေ ၁၀  တောင်ပတ်လည် ငါးကျင်းခန့် ပြီးစီးပြီး ထွန်စက် တစ်နာရီကို ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ပေးရပြီး တစ်နာရီ ၁၀ တောင်ပတ်လည် (၂၅)ကျင်းခန့် ပြီးစီးပြီး ငွေအကုန်အကျ သက်သာကာအချိန်စောစွာ စိုက်ပျိုးနိုင်ကြောင်း ဒေသခံ အာလူးစိုက် တောင်သူတစ်ဦးက ပြောသည်။

ပေါက်မြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အမြဲမပြတ် စီးဆင်းလျက်ရှိသော အဓိက ချောင်းမကြီးများဖြစ်သည့် ယောချောင်းနှင့် ကျောချောင်းတည်ရှိရာ မြို့နယ်လေး တစ်ခု ဖြစ်ပြီး ဆောင်းရာသီတွင် ကြက်သွန်၊ အာလူးစိုက်တောင်သူများသည် ထိုချောင်းမကြီးများကို အမှီပြု၍ အားထားစိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုအခါ ရာသီမီစိုက်ပျိုးနိုင်ရေး အတွက်ခေတ်မီ လယ်ထွန်စက်ကြီးများနှင့် အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)