လက်ပံတန်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာတွင် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နေလယ်ပိုင်းက ညောင်ဝိုင်းကျေးရွာ "စာပေပန်းခင်း" ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်မည့်စာကြည့်တိုက် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ညောင်ဝိုင်းကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှဦးက စာကြည့်တိုက် ကော်မတီများ ပြည်လည်ဖွဲ့စည်းထားရှိမှုနှင့် စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များက စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အခြေအနေများနှင့် သိရှိလိုသည့် စာကြည့်တိုက် လုပ်ငန်းများကို ဆွေးနွေးမေးမြန်း ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးမှူးက "စာပေပန်းခင်း" ကျေးရွာကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက်အတွက် မဂ္ဂဇင်း၊ ဝတ္ထု၊ ရုပ်ပြစာအုပ် စုစုပေါင်း (၁၀၀)အုပ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး