ဂေါ်ဖီထုပ်များ ယခင်နှစ်ထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အမြတ်ငွေပိုမိုရရှိ

ကောလင်း ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ ယောမြေနီ၊ ခွင်တောင်း၊ အောက်ဇီးဖြူပင်၊ လက်ပံကွေ့ စသည့်ကျေးရွာများနှင့် ဝန်းသိုမြို့နယ်အတွင်းရှိ မကျည်းကုန်း၊ ကြို့ကုန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ စိန်လည်၊ ရှမ်းစု၊ အောင်းကုန်း၊ သပြေသာ၊ ကြိုင်းခွင် စသည့်ကျေးရွာများသည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ဂေါ်ဖီထုပ်များ ယခင်နှစ်များထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အမြတ်ငွေပိုမိုရရှိကြောင်း သိရသည်။

စိုက်ပျိုးရေးလုပ်ကိုင်ခဲ့တာ အနှစ် ၃၀ ကျော်ရှိခဲ့ပါပြီ ယခင်နှစ်တွေမှာ ဂေါ်ဖီထုပ်တစ်ထုပ်ကို ၆၀၀ ကျပ်စျေးကို ရောင်းကောင်းပြီလိုထင်ခဲ့တာ။ ဒီနှစ်လို ဂေါ်ဖီထုပ် တစ်ထုပ် ၁၅၀၀ ကျပ်စျေး တစ်ခါမှ မရောင်းခဲ့ရဘူး။

ဒီနှစ်မှာတော့ အပင် ၂၀၀၀ စိုက်ပျိုးထားပါတယ်။ ဧကနှင့်ဆိုရင်တော့ .၂၅လောက်ဘဲ ရှိမယ်ဗျ ကုန်ကျစရိတ်က ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စျေးမြှင့်သဖြင့် ယခင်နှစ်တွေထက် ကုန်းကျစရိတ် ပိုမိုကုန်ကျပါတယ်။ အပင် ၂၀၀၀ စိုက်ကို မျိုးဖိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ စုစုပေါင်း ၇သောင်းခန့် ကုန်ကျပါတယ်။ အပင်း ၂၀၀၀စိုက်ကို ယခုလက်ရှိ ၁၅၀၀စျေးဖြင့် အထုပ် ၅၀၀ ရောင်းပြီး ဆက်လျက်ရောင်းချလျက်ရှိပြီး ၁၅၀၀ ကျပ် စျေးနှုန်းကမကျဘူးဆိုလျှင်အမြတ်ငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း လက်ပံကြီးတော ကျေးရွာ စိုက်ပျိုးရေး လုပ်ကိုင်သူ ဦးမြင့်စိုးက ပြောပြသည်။

ဂေါ်ဖီထုပ်စိုက်ပျိုမည်ဆိုရင် ဘောင်များဖြင့် ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း တစ်လပြည့်လျှင် တစ်ပင်နှင့် တစ်ပေခွဲပတ်လည် စိုက်ခင်ထဲရွှေ့စိုက်ပြီး စိုက်ပင်များရှင်အောင် သုံးရက်ဆက်တိုက် ရေလောင်းပေးရပါတယ်။ စိုက်ပင်များရှင်လျှင် နွားချေးဆွေးများကို တစ်ပင်လက်တစ် ဆုပ်ခန့်ထည့်ပေးပြီး ပေါင်းထိုးပေးရပါတယ်။ အပင်း ၂၀၀၀ စိုက်ကို စိုက်ပင် ၁၅ ရက်သားရလျှင် ယူရီးယား ၁ ပြည်နှင့် ယူရီးယား၊ ဖော်စဖိတ်စ်၊ ပိုတက် ၁၅ ပတ်လည်ပါဝင်သည့် ဓာတ်မြေသြဇာ ၂ပြည်ကို ရေဖျော်လောင်းပြီး အပင်ရေဝအောင် ရေသွင်းပေးပါတယ်။ မြေများဖန့်လျှင် ပြန်လည်ပေါင်းထိုးပေးပြီး စိုက်ပင် ၄၅ရက်သားရလျှင် ယူရီးယား ပြည်နှင့်ယူရီးယား၊ ဖော်စဖိတ်စ်၊ ပိုတက် ၁၅ပတ်လည်ပါဝင်သည့် ဓာတ်မြေသြဇာ ၂ပြည်ကို ရေဖျော်လောင်းပြီး အပင်ရေဝအောင် ရေသွင်းပေးပါတယ်။ ပိုးသတ်ဆေးကတော့ လိပ်ပြာယင်ဖြူနှင့် ငမြှောင်တောင်ပိုးများကျရောက်တတ်သဖြင့် ရောင်းရသည်အထိ သုံးကြိမ်လောက် ပိုးသတ်ဆေးဖျန်းပေးရပါမယ်။ စိုက်ပင် ၆၀ ရက်သားရလျှင် ဓာတ်မြေသြဇာကို ဒုတိယအချိုးအစားအတိုင်း ရေဖျော်လောင်းပေးပြီးလျှင် ရောင်းတန်းဝင်သည့် ဂေါ်ဖီထုပ်များ ရရှိပြီးဖြစ်ပါတယ်"ဟု  ၎င်းက ဂေါ်ဖီထုပ် စိုက်ပျိုးနည်းကို ပြောပြသည်။

၎င်းကျေးရွာများသည် ဂန္ဓမာပန်း၊ မေမြို့ပန်း၊ သစ္စာပန်း၊ ငရုပ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ရုံးပတီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်စသည့်သီးနှံများကို  တောင်သူအများစုက စိုက်ပျိုးကြသော်လည်း တစ်ဦးလျှင် အများဆုံး အဖြစ် ဧကဝက်ခန့်ထိသာ စိုက်ပျိုးကြပြီး၊ တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံကို မျှတစွာစိုက်ပျိုးခြင်းက ပိုမိုများပြီး၊ သီးနှံတစ်မျိုး စျေးမကောင်းပါက အခြားစျေးကွက်ကောင်းသော သီးနှံဖြင့် အကျိုးအမြတ် ပြန်ရရှိရန် ရည်ရွယ်စိုက်ပျိုးကြခြင်း ဖြစ်ကြောင်း သိရသည်။

 မြင့်ထွန်းမင်း(ကောလင်း)