နတ်မောက်မြို့နယ် ဥယျာဉ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

 

နတ်မောက်   ဇန်နဝါရီ   ၁၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ဥယျာဉ်ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ် ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်း တွင် ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ် သူကျား(၃၃)ဦး၊ မ(၃၆)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာ ရောက် ပြုလုပ်သူ ကျား(၄)ဦး၊ မ(၈)ဦး၊ စုစုပေါင်း (၈၁)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဥယျာဉ်ကျေးရွာကို ယခုလိုမြို့နယ်မှ နိုင်ငံသားစိစစ်ရေးကတ်များ လာရောက်လုပ်ဆောင် ပေးတဲ့အတွက် အချိန်ကုန် သက်သာလိုမြို့ကို သွားရောက် လုပ်ဆောင် စရာမလိုသည့်အတွက် ခရီးစရိတ်လည်း ကုန်ကျမှုမရှိတာကြောင့် အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟုကျေးရွာရှိ ပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံက သိရသည်။

သင်းသင်းမြတ်