ငဖဲမြို့နယ် လင်းတဲကျေးရွာတွင် ကော်ဖီစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသ လင်းတဲကျေးရွာတွင် ကော်ဖီစိုက် ဧက ၇၀၀ ကျော်ရှိပြီး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းကာ ကော်ဖီသီးများ ခူးဆွတ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ လင်းတဲကျေးရွာတွင် အရှိုချင်းတိုင်းရင်းသားများ နေထိုင်ကြကာ ဒေသခံတောင်သူ များက လက်ဖက်၊ ထောပတ်၊ ကမ္ဗလာ၊ မျောက်ငို၊ နာနတ်၊ ဝဥ၊ ကျွဲကော၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျောစသည့် နှစ်ရှည်သီးနှံပင်များနှင့် ကော်ဖီကို ရောနှောစိုက်ပျိုးကြသည်။

ကျတော့စိုက်ခင်းမှာ ကော်ဖီစိုက်ဧက ၁၅ ဧကရှိပြီး တစ်ရွာလုံးအနေနဲ့ ကော်ဖီစိုက်ဧက ၇၀၀ ကျော် ၈၀၀ ခန့်ရှိကြောင်း၊ ကော်ဖီပင်ကို မိဘများလက်ထက်ကနေ ပြင်ဦးလွင်ဘက်မှ မျိုးများမှာ ယူပြီးစတင် စိုက်ပျိုးခဲ့ကြောင်း၊ ယခုဆိုရင် ကော်ဖီသီးများ ခူးဆွတ်ပြီး လှန်းစင်မှာ စနစ်တကျ နေလှန်းထားပြီးနှစ်စဉ် ၁ တန်ခန့်ထွက်ရှိကြောင်း၊ ကျေးရွာမှထွက်ရှိတဲ့ ကော်ဖီစေ့များကို နတ်ရေကန် (ကော်ဖီခြံ)၊ ရေနံချောင်းမြို့နယ်၊ ရွာငံမြို့နယ်များနဲ့ နီးစပ်ရာ ကုမ္မဏီများသို့  ၁ ပိသာလျင် ငွေကျပ် ၃၅၀၀ နှုန်းနှင့် ၁တင်းလျင် ငွေကျပ်  ၁၀၀၀၀ နှုန်းအထိ တင်ပို့ရောင်းချရကြောင်း၊ တောင်ပေါ်ဒေသ ၁၀ အုပ်စုမှာရှိတဲ့ ကော်ဖီစိုက် တောင်သူများအနေနဲ့ ရောင်းတန်းဝင်အရည်အသွေးမြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ် အထွက်နှုန်း ကောင်းမွန်ရေး၊ ကော်ဖီနှင့် အခြားအရိပ်ရပင်များ စနစ်တကျ တွဲဖက်စိုက်ပျိုး နိုင်ရေးအတွက်ကိုလည်း နည်းပညာပေးသင်တန်းများ နှစ်စဉ် ကျေးရွာတိုင်းအရောက် သင်တန်းများ ပေးစေလိုကြောင်း၊ တောင်သူတစ်ဦးချင်းစီက စိုက်နည်းစနစ်နားလည်ပြီး စနစ်တကျ လိုက်နာ စိုက်ပျိုးမှသာ ဒီထက်ပိုပြီး ကော်ဖီအထွက်နှုန်း များလာမှာဖြစ်ကြောင်း၊ လင်းတဲကျေးရွာ အနေဖြင့် ကော်ဖီစိုက်ဧက ၇၀၀ ကျော်မှာ ကော်ဖီစေ့တန်ချိန်ထောင်ကျော် ထွက်နိုင်ပြီး တောင်သူများလည်း လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခင်နှစ် ကိုဗစ်ကာလများက ကော်ဖီဈေး ကျဆင်းပြီး ပြည်ပလိုင်းလဲပိတ်တဲ့အတွက် ဈေးကောင်းမရရှိကြဘဲ ယခုနှစ်မှာတော့ ဈေးကောင်းရရှိလို့ အဆင်ပြေကြောင်း" လင်းတဲ ကျေးရွာမှ ကော်ဖီစိုက်တောင်သူ ဆလိုင်းသိန်းနိုင်ဦး ကပြောကြားသည်။

ငဖဲမြို့နယ် လင်းတဲကျေးရွာမှ နှစ်စဉ် ကော်ဖီစေ့ (၅.၅ )တန်ကျော်နှင့် အခြားကျေးရွာများမှ ကော်ဖီစေ့ (၃၅) တန်ခန့် ထွက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မယု(ငဖဲ)