ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဇန်နဝါရီ ၁၂

ပြည်နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအချင်းချင်း အချိတ်အဆက်မိမိဖြင့် ပိုမိုထိရောက်လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းများ၏ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ကြရန်၊ ပြည်သူများနှင့်ဆက်ဆံရာတွင် စိတ်ရှည် သည်းခံ၍ ခြေငံပျူငှါစွာ ပြောဆိုဆက်ဆံကြရန်၊ မြို့ရွာများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်၊ ကျေးရွာရပ်ကွက်များ စည်ကားလာစေရေး အများနှင့်သက်ဆိုင်သည့်ဈေးကို ကျေးရွာရပ်ကွက်များအတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေး ရန်၊ စိုက်ပျိုးရန်ခွင့်ပြုထားသောလယ်မြေများကို အခြားနည်းပြောင်း၍ အသုံးပြုဆောင်ရွက်နေမှု များအပေါ် တာဝန်ရှိသူများက ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်၊ အိမ်ရာစီမံ ကိန်းများအကြောင်းပြ၍ ရယူထားသော မြေများပေါ်တွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိပါက အရေးယူသွားရန်နှင့် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် မြေယာ စီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်သွားရန်၊ ကားလမ်းနယ်နမိတ်များအတွင်းကျူးကျော်နေထိုင်သူ များပြားလာခြင်းကြောင့် တည်ဆဲဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်၊ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်အရည်သွေး စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့ရွာသန့်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)