ကျောက်ကြီး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က စာရေးဆရာ လယ်တွင်းသားစောချစ်၏ "ပန်းလိုချင်အပင်ပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သော်ဇင်အောင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်း ဒုဥက္ကဋ္ဌ ဦးထက်ဝေလင်းက "ကျောင်းနေပျော်၍ စာတော်ပါစေ" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မိဘတိုင်း မိမိတို့၏သားသမီးများကို ပညာထူးချွန်စေချင်ကြသော်လည်း ကလေး၏ ပင်ကိုယ် ဉာဏ်ရည်ကို သတိထားရန် လိုအပ်ပါကြောင်း၊ ပင်ကိုယ်ဉာဏ်လေးသော ကလေးကို ထူးချွန်စေလိုသော ဆန္ဒဖြင့် အတင်းဖိလျှင် ဝန်ပိရုံသာရှိပါကြောင်း ဖတ်ကြား ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဆရာမဒေါ်ချိုချိုမြင့်မှ ပန်းလှလှကိုရလိုလျှင် ဥယျာဉ်မှူးကောင်းဖြစ်ရန်လို၏ သားကောင်း သမီးကောင်းရလိုလျှင် ကိုယ်တိုင်မိဘကောင်းဖြစ်ရန် လိုအပ်ကြောင်း စသဖြင့် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်ပါတွင်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)