သာယာဝတီမြို့နယ်အတွင်း ဆောင်းသီးနှံများဖြစ်သည့် ​မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

သာယာဝတီ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စီနှခွကျေးရွာအုပ်စု၌ ဆောင်းသီးနှံအဖြစ် ​မတ်ပဲစိုက်ခင်းများကို တောင်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး လုပ်ကိုင်နေလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။

တောင်သူ ဦးဖိုးဆိတ်၏ လယ်မြေဧက(၂၀)ကို ဆောင်းသီးနှံများ ယခုနှစ်တွင် စတင်ပြီးစိုက်ပျိုးလုပ် ကိုင်နေပါကြောင်း၊ ဒေသတွင်းစားသုံးမှုများ ဖြစ်သည့် မြေပဲ(၅)ဧက၊ ကုလားပဲနှင့် စားတော်ပဲ(၁)ဧကကို စိုက်ပျိုးထားလျက်ရှိကြောင်း၊ မိမိအနေဖြင့် တောင်သူများအတွက် စံပြဖြစ်ရအောင် သိပ္ပံနည်းကျစိုက်ပျိုး စနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ ပေါင်းသတ်ဆေးနှင့် ရွက်ဖြန်းမြေသြဇာများကို စနစ်တကျ သုံးစွဲပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် ကုန်ကျမှုနှင့်တွက်လျှင် မိမိတို့၏ စိုက်ခင်းသီးနှံ အထွက်နှုန်းမြင့်မှ ဝင်ငွေအချို့ မြင့်မားလာမည်ဖြစ်ကြောင်း၊ မိမိတို့၏ လယ်ယာ၊ ကိုင်းကျွန်းမြေများကို အသုံးပြုစိုက်ပျိုးကြရာတွင် ဓာတ်မြေသြဇာကို အားပြုမနေသင့်ကြောင်း တောင်သူ ဦးဖိုးဆိတ်ကပြောသည်။

သာယာဝတီမြို့နယ်အတွင်းကျေးရွာများတွင်လည်း ဆောင်းသီးနှံ မြေပဲစိုက်ဧက (၅၀၀၀) ခန့်၊ မတ်ပဲ စိုက်ဧက (၁၀၀၀၀) ခန့်၊ နှမ်းစိုက်ဧက (၂၀၀၀) ခန့်ကို ကျေးရွာနေ တောင်သူများက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)