ရွှေသောင်ယံ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉)နာရီက မြို့သန့်ရှင်းသာ ယာလှပရေး အတွက် လမ်းများ၊ တံတားများပေါ်၌ စည်းကမ်းမဲ့ အမှိုက်မပြစ်ရဆိုင်းဘုတ်များ စိုက် ထူခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဌာနဆိုင်ရာများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက် ရွှေသောင်ယံ တံတားကြီးပေါ်၌ အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်းပြီး တံတားဘောင်ကြားရှိ ပိတ်ဆို့နေသော အမှိုက်များအား မီးသတ်ပိုက်ဖြင့် ရေထိုးကာ ရှင်းလင်းပေးခြင်း၊ တံတားခြေရင်းရှိ ထင်သာမြင်သာရှိသော နေရာတွင် လမ်းများပေါ်၌ စည်းကမ်းမဲ့ အမှိုက်မပြစ်စေရေးအတွက် "အမှိုက်မပြစ်ရ သတိပေးဆိုင်းဘုတ်တစ်ခုအား စိုက်ထူခြင်းဖြင့် မြို့သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စုပေါင်းဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော် ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ ဌာနဆိုင်ရာများ၊ ရွှေသောင်ယံ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့ ရပ်ကွက်(၁၊ ၂၊ ၃) အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်