ဖျာပုံ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက် /ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့နယ် ဂေးဂုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာအတွင်းရှိ ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်မျိုးမျိုးသင်းက ရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ် ဂေးဂုကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ မှတ်ပုံတင် အသစ်လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာ လူဦးရေ (၁၅၉)ဦးအား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်