ပန်းတောင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် အသက် ၁၈ နှစ်အထက် ပထမအကြိမ် ထိုးနှံရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့်ကို အသက် ၁၈ နှစ်အထက် ပထမအကြိမ်ထိုးနှံရန် ကျန်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် ရွှေပင်ရပ်ကွက်(နာဂမုနိ) ကြခတ် ရပ်ကွက် (ဆုတောင်းပြည့်ဓမ္မာရုံ)၊ ညောင်ခြေထောက်ကျေးရွာ (ဘက်စုံသုံးခန်းမ)၊ လဲကျေးရွာ (ဓမ္မာရုံ) တို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ ကလိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယနေ့ဆေးထိုးစုရပ် (၄) နေရာတွင် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများနှင့် ပထမအကြိမ် ထိုးမည့်သူများကို ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေး သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက စိတ်အား ထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။ ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)