မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်‌ရောက်

မကွေး  ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ()နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီးအတွင်း အမှုများအား စစ်ဆေးစီရင်ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး အမှုများအား ဥပဒေနည်းလမ်းများနှင့်အညီ မှန်မှန်နှင့်မြန်မြန် တရားစီရင်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေကာ တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြုကြလိုကြောင်း၊ တရားဥပဒေသည် လူ့ဘောင်လောက တရားမျှတမှုရှိရန်ပြီး ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး အတွက် ပြဌာန်းထားသော စည်းကမ်းများဖြစ်သဖြင့် အုပ်ချုပ် သူနှင့်ပြဌာန်းသူများပါ အပြန်အလှန် ထိန်းကျောင်းစောင့်ထိန်းခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း စစ်ဆေးဆောင်ရွက်နေသည့် အမှုများအား အမြန်ပြီးပြတ်နိုင်ရေး အတွက် တရားစီရင်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ()ပတ် တစ်ကြိမ်ညှိနှိုင်း ဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း၊ အမှုများစစ်ဆေးရာတွင် တရားခံရုံးရှေ့ ရောက်ရှိရန်လိုအပ်ပြီး သက်သေများ ရုံးရှေ့လာရောက်သည့်ကိစ္စတွင်လည်း ဌာနဆိုင်ရာ သက်သေများ၊ ရဲတပ်ဖွဲ့ဝင် သက်သေများနှင့် ရုံးရှေ့ခေါ်ယူ၍ မရသော ရပ်ဝေး ရောက်ရှိနေသည့် သက်သေများစသည့် အခက်အခဲများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ၏ အမှုပြီးပြတ်မှုအခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှုကာ သတိပေး လမ်းညွှန်ခြင်းများ ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အမှုများ မှန်မှန်နှင့်မြန်မြန် တရားစီရင်ဆုံးဖြတ်နိုင်ရေး အတွက် သမရိုးကျနည်းလမ်းဟောင်းများဖြင့် ဆောင်ရွက်နေမည့်အစား တည်ဆဲဥပဒေ ညွှန်ကြား ချက်များနှင့်အညီ တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကို တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဝင်းရှိန်က တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာများအား ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများဖြစ်ကြသည့် ဦးမြင့်သိန်း၊ ဒေါ်မိမိမော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးသောင်းထွေး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းနိုင်တို့က တရားစီးရင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်စိုး၊ ခရိုင်တရားသူကြီးများနှင့် ခရိုင်ဥပဒေ အရာရှိများမှ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)