ပြည်မြို့နယ် ဗြူးကုန်းကျေးရွာအုပ်စု၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆန်ကိတ် မုန့်နှင့် ဆန်ကွတ်ကီး အမျိုးမျိုးပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ပြည် ဇန်နဝါရီ ၁၂

ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးဝမ်း ပညာသင်တန်းကျောင်း (ရွှေတောင်)တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆန်ကိတ်မုန့်နှင့် ဆန်ကွတ်ကီးအမျိုးမျိုး ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်၊ ဗြူးကုန်းအုပ်စု၊ ကုန်ဇင်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ပေါင်းတလည်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်မင်းကြူက အဖွင့်အမှာစကား ပြောကြား သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခိုင်ခင်မြဝင်းနှင့် ရက်ကန်းနှင့် အသက်မွေးဝမ်း ကျောင်း (ရွှေတောင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ဇူဝင်းတို့ ကသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ကသင်တန်းသားများ ကိုယ်စား သင်တန်းသူ တစ်ဦးထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ကာ သင်တန်းကို ယခုနှစ် ဇန်နဝါရီ၁၁ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့အထိ သင်တန်းကာလ(၉)ရက်ကြာ ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)