ပိုင်ကျုံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျာ့နည်းစေရေး၊ ရောဂါအမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့ အခြေခံပညာအထက် တန်းကျောင်း၌ လစဉ်ရက်ချိန်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက်တန်းကျောင်း၊ အ-ထ-က(ခွဲ)ကျောင်း၊ အလကကျောင်း၊ အလက(ခွဲ)ကျောင်းနှင့် မူ(လွန်)ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ များအား ကျန်းမာပျော်ရွှင်ပြီး စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအာအရင်းအမြစ် တိုးတက်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ကျောင်းသား/သူဦးရေ (၁၈၃၄)ဦးထိ ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသေးသည့် ကျောင်းသား/သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံမည့်သူများအား ဆေးမထိုးခင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းများ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ပိုင်ကျုံ (ပြန်/ဆက်)